ခံတွင်းနံ့ကို ယာယီသက်သာအောင် လုပ်ဖို့လိုနေပြီလား
ခံတွင်းနံ့နံတာ ကိုယ်တိုင်အတွက်တင်မဟုတ်ဘဲ ကိုယ့်ဘေးကလူတွေကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ်နော်။ ခံတွင်း အနံ့နံတယ်ဆိုတာ သွားနဲ့ခံတွင်း သန့်ရှင်းရေးသေချာမလုပ်သူတွေမှာ တွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး
- အနံ့ပြင်းလွန်းတဲ့ အစားအစာ၊ အအေးတွေကို စားသောက်မိတာ
- စပ်လွန်းတဲ့ အစားအစာတွေကို စားမိတာ
- သွားဖုံးနဲ့ သွားမှာ ပိုးဝင်နေတာ၊ သွားပိုးစားနေတာ
- Diet အလွန်အကျွံ လုပ်လိုက်မိတာ
- ခံတွင်းခြောက်တဲ့ ပြဿနာရှိတာ
- အာသီးရောင်နေတာ
- စားချင့်ရည် ပြန်ကန်တက်တဲ့ ကျန်းမာရေးပြဿနာရှိတာ
- ဆေးလိပ်သောက်တာတွေကြောင့်လည်း ခံတွင်းအနံ့ နံနိုင်ပါတယ်။
ခံတွင်းအနံ့ဆိုးထွက်တာကို သက်သာစေဖို့ နေ့စဉ်နေ့တိုင်း သွားနဲ့ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ပေးရမှာဖြစ်ပေမဲ့ အပြင်ရောက်နေတဲ့အခါ၊ အလုပ်ကိစ္စနဲ့ စကားပြောရတော့မယ့်အခါမျိုးမှာ ကိုယ့်ဆီက ခံတွင်းနံ့ နံနေရင်တော့ ဒါကို အမြန်ဆုံး သက်သာပျောက်ကင်းသွားအောင် လုပ်ဖို့တော့ လိုပါတယ်။
ဒီနည်းလမ်းတွေကို ဝေမျှပေးရမယ်ဆိုရင်
၁။ ရေများများ သောက်ပေးပါ၊ အကယ်လို့ ကိုယ်က တခြားသူတွေနဲ့ အနီးကပ်စကားပြောရမယ်ဆိုတာ ကြိုသိထားရင် အချိန်စောစောကတည်းက ရေကို ပုံမှန်လေး သောက်ပေးသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ရေတစ်ငုံနဲ့ ပါးစပ်ထဲ ပလုတ်ကျင်းပြီးမှ ရေကို များများသောက်ပေးသင့်ပါတယ်။
၂။ ရိုးရိုးရေနဲ့မဟုတ်ဘဲ ဆားငန်ရေနဲ့ ပလုတ်ကျင်းပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆားငန်ရေ အဆင်မပြေရင် Listerine လိုမျိုး Peppermint ပူရှိန်းပါတဲ့ ခံတွင်းသန့်စင်ဆေးရည်နဲ့လည်း ပလုတ်ကျင်းပေးနိုင်ပါတယ်။
၃။ အချဉ်ပါတဲ့ အသီးအနှံတစ်မျိုးမျိုးစားပေးပါ။ အချဉ်ဓာတ်ဟာ ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို သေစေသလို အနံ့ဆိုးကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ တစ်နာရီလောက်အချိန်ခြားပြီး အစာမစားဘဲ နေနိုင်ရင် ပိုကောင်းပါတယ်။
၄။ သွားပွတ်ကြိုးထိုးပေးပါ။ အပြင်ရောက်နေရင်တော့ သွားတိုက်လို့ အဆင်မပြေတဲ့အတွက် သွားလေရာဆောင်သွားလို့ရတဲ့ သွားပွတ်ကြိုးနဲ့ သွားကြားထဲမှာ ကပ်ငြိနေနိုင်တဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားခြင်းက ခံတွင်းအနံ့ဆိုးကို သိသိသာသာ ဖယ်ရှားပေးနိုင်ပါတယ်။
၅။ အချိုဓာတ်မပါတဲ့ ပီကေဝါးပေးပါ။ ပီကေဟာ သွားပေါ်မှာ ကပ်ငြိနေတဲ့ အရိအချွဲတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သွားကြားထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို လျော့ပါးစေနိုင်ပါတယ်။
၆။ လျှာခြစ်တံနဲ့ လျှာပေါ်က အရိအချွဲတွေကို ခြစ်ထုတ်ပေးပါ။ လျှာမှာ အရိအချွဲများနေခြင်းဟာ ခံတွင်းအနံ့ဆိုးထွက်စေတဲ့ တရားခံတွေမှာ ပါဝင်ပါတယ်။ အကယ်လို့ အပြင်ရောက်နေတာကြောင့် လျှာခြစ်တံအသုံးပြုဖို့ မဖြစ်နိုင်ဘူးဆိုရင် ထမင်းစားဇွန်း၊ လက်ဖက်ရည်ဇွန်းနဲ့လည်း ဖြည်းဖြည်းချင်း ခြစ်ထုတ်နိုင်ပါတယ်။ လျှာခြစ်ပြီးသွားရင်တော့ ပလုတ်ပြန်ကျင်းပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။
အပြင်ရောက်နေတာကြောင့် ကိုယ့်အာပုပ်စော်ကို အမြန်သက်သာအောင် ဒီနည်းလမ်းတွေကို အသုံးပြုကြည့်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေဟာ ယာယီအတွက်ပဲ ဖြေရှင်းပေးတာဖြစ်လို့ ကိုယ့်ရဲ့ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ပုံမှန်ဂရုစိုက်ပေးဖို့ကတော့ လိုနေဦးမှာပါပဲ။ ဒီအတွက်
- မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားကို စနစ်တကျတိုက်ပါ။
- လျှာခြစ်ပါ၊ သွားပွတ်ကြိုး အသုံးပြုပြီး သန့်ရှင်းပါ။
- အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။
- ခံတွင်းမခြောက်အောင် ရေကိုပုံမှန်သောက်ပေးပါ။
- သွားဆေးခန်းကို (၆) လတစ်ကြိမ် သွားရောက်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
သွားနဲ့ခံတွင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ သွားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။
ရဲမျိုးမြတ်